အစိုးရ၏ လက်ကျန် ၃ နှစ်အတွင်း အခြေခံ အဆောက်အအုံ ကဏ္ဍကို ဦးစားပေး လုပ်မည်ဟုဆို

အစိုးရ၏ လက်ကျန် ၃ နှစ်အတွင်း အခြေခံ အဆောက်အအုံ ကဏ္ဍကို ဦးစားပေး လုပ်မည်ဟုဆို

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ၏ ကျန်ရှိနေသောသက်တမ်း ၃ နှစ်တာကာလအတွင်း နိုင်ငံတဝှမ်း၌ အခြေခံ အဆောက် အအုံ ကဏ္ဍ အပိုင်းကို ဦးစားပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း က ပြောသည်။

ရန်ကုန်မြို့ Novotel Hotel ဟိုတယ်၌ မေလ ၉ ရက်နေ့က ပြုလုပ်သော Yangon Investment Forum 2018 အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ပြောကြားခြင်း ဖြစ်သည်။

ဦးကျော်ဝင်း က “ကျနော်တို့ မြန်မာနိုင်ငံ အနေနဲ့ ကျန်ရှိနေတဲ့ အစိုးရသက်တမ်း ၃ နှစ်တာ ကာလအတွင်းမှာ မြန်မာနိုင်ငံရဲ့ အဓိကလိုအပ်တဲ့ အခြေခံ အဆောက် အအုံအပိုင်းကို ကျနော်တို့ တစိုက်မတ်မတ် ဦးစားပေးပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

အခြေခံ အဆောက်အအုံပိုင်းတွင် မြန်မာနိုင်ငံအတွက် မဖြစ်မနေ လိုအပ်သောစွမ်းအင်နှင့် လျှပ်စစ်ဓာတ်အား ကိစ္စရပ်များ၊ ကူးသန်း ရောင်းဝယ်ရေးနှင့် ပို့ဆောင်ရေး ကဏ္ဍ အတွက်လမ်း၊ တံတားကိစ္စရပ်များကို ဆောင်ရွက်မည့် ဦးစားပေး ကဏ္ဍများထဲ၌ ထည့်သွင်း ထားကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။

ပြည်ထောင်စု ဝန်ကြီးက “အချို့သော Project (စီမံကိန်း) များဟာ ၂ နှစ်၊ ၃ နှစ်တိုင်သည်အထိ မပြီးနိုင်သည့် ပရောဂျက်များ ရှိသော်လည်းပဲ နောက်အစိုးရ သက်တမ်းမှာ ဆက်လက်ပြီးတော့ ပြီးစီးအောင် ကျနော်တို့ အကောင်ထည်ဖော် ဆောင်ရွက်သွားမှာပဲ ဖြစ်ပါတယ်” ဟု ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၁၇ ခုနှစ် ခန့်မှန်းလူဦးရေ ၆ ဒသမ ၁ သန်းကျော်ရှိခဲ့ပြီး ၆၄ ရာခိုင်နှုန်းမှာ လုပ်သား အင်အားစုများ ဖြစ်သောကြောင့် စီးပွားရေးလုပ်ငန်းများ အတွက် လုံလောက်သော လုပ်သားအင်အား ရှိကြောင်း ဦးကျော်ဝင်းက ဆိုသည်။